Friday, November 18, 2016

အလောင်းတော်ကသာပ

အလောင်းတော်ကသာပ

မုံရွာခရိုင်၊ ကနီမြို့နယ်အတွင်း တည်ရှိသော အလောင်းတော် ကဿပဒေသသည် မုံရွာ မြို့တစ်ဘက်ကမ်းညောင်ပင် ကြီးဆိပ်မှ မိုင် ၆ဝ ကျော် ကွာဝေးပါသည်။  မုံရွာမြို့မှ အလောင်းတော် ကဿပ တောင်ခြေ စခန်းဆီသို့ မိုင် ၆၀ ၀န်းကျင် ရှိပြီး မုံရွာ ကလေးဝ သို့ သွားသော လမ်းမှ တဆင့် အလောင်းတော် ကဿပ လမ်းခွဲမှ ဆက်သွားရပါ သည်။ အလောင်းတော် ကဿပ အမျိုးဥယျာဉ် ကြိုးဝိုင်းသစ်တော မှ တဆင့် တောလမ်းကို ဖြတ်သန်းပြီး တောင်ခြေ ကို ရောက်ရှိရပါသည်။ လမ်းတွင် ဆက်တိုက် ရွာများ ဖြတ်သန်းသွားပြီး ကပိုင်ကျေးရွာ ကတော့ လမ်းခရီးတွင်နောက် ဆုံးရွာဖြစ်ပါသည်။ ကပိုင်ရွာ စခန်းမှ အလောင်းတော် ကဿပ တောင်ခြေ မိုင် ၂၀ ကျော် တောလမ်းကိုဖြတ်ကျော်ပြီး ချိန်မှာတော့ ကားများ အစီအရီ ရပ်နားထားပြီး ဈေးဆိုင်ခန်းများစွာ ရှိသည့် တောင်ခြေ စခန်း နှင့် ဆင် များကို တွေ့ရှိ ပါသည်။ အလောင်းတော် ကဿပ ကို သွားမယ် ဆိုရင် အစားအသောက် စောစောစီးစီး ကတည်းက ကြိုတင် စီစဉ်ထားသင့်တယ်။မြေခင်းဧရိယာ ကျယ်ဝန်း သော ချောင်းမကြီးစခန်းတွင် ယာဉ် ရပ်နား၍ တစ်မိုင်ခရီး ကို ခြေလျင် လျှောက်ရုံဖြင့် ရောက်ရှိနိုင်ပါသည်။ အလောင်းတော် ကဿပတွင် တည်းခိုစခန်းများ၊ စား သောက်ဆိုင်တန်းများ သီးခြားတည် ရှိပြီး အရှေ့ဘက်ယွန်းယွန်း မနီးမ ဝေးတွင် ကြေးပြာသာဒ်စံကျောင်း တော်ဖြင့်အလောင်းတော်ကဿပ ကိုယ်စားတော်အား ဖူးမြင်နိုင် သည်။ ကိုယ်စားတော်၏ ဦးခေါင်း တော်အောက် တည့်တည့်လိုဏ်ဂူ အတွင်းမှာ အလောင်းတော်၏ ခြေ တော်အစုံတည်ရှိသည်။ ညဏ်တော် ၁ဝ တောင်ရှိပြီး အနောက်မြောက် ဆီသို့ ဦးခေါင်းထား၍ ပရိနိဗ္ဗာန်ပြု နေဟန် ရဟန္တာပုံ သဏ္ဌာန်ဖြစ်ပါ သည်။ မူလဒါယကာမှာ အဇာတ သတ်မင်း ဟုဆိုကြသည်။စံကျောင်းတော်မြောက်ဘက် အုတ်လှေကားငယ်အတိုင်း ဆင်း သွားပါက တောင်ခြေလျှိုထဲသို့ ရောက်ပါမည်။ ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံး လုံး ဆုံရာအရပ် ဖြစ်ပြီး ဝေဘာရတောင်အလယ်တွင် စံကျောင်းတော်တည် ရှိသည်။သမိုင်း ဟောင်း ပေစာများ အဆိုအရ အလောင်းတော်ကဿပမထေရ် သည် ကောဇာသက္ကရာဇ် ၁၅၄ ခု၊ တပို့တွဲလပြည့်၊ အင်္ဂါနေ့၊ သက် တော် ၁၂ဝ၊ ဝါတော်သိက္ခာ ၅ဝ ပြည့်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ သည်။ဝေဘာရတောင်အလယ်ဗဟို အတွင်းတွင် အလျား၊ အနံ၊ အမြင့် ၃၅ တောင်စီ စတုရန်းညီမျှသော ဂန္ဓကုဋီတိုက် တော်ရှိသည်။ တိုက် တော်အတွင်း ကြေးပြာ သာဒ်ကြီးဖြင့် မြသလွန်ညောင်စောင်းပေါ်တွင် ရှင် မဟာကဿပ သည် မြောက်သို့ ဦး ခေါင်းပြုကာ လက်ယာနံတော် စောင်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါ သည်။ စံကျောင်း တော်တွင် အတောင် ၅ဝ စီခြား၍ ရွှေတံခါး၊ ငွေတံခါး၊ ကျောက်တံခါး ၃ တန် ဖြင့် ကာရံထားသည်။ အချို့ သမိုင်း တွင် အလောင်း တော်ဘေး၌ ထွန်း ညှိထားသော ရွှေ၊ ငွေ၊ မြ၊ ပတ္တမြား ဖယောင်းတိုင် (၄) တိုင်အား ကုသိုလ်ရှင် အဇာတသတ်မင်း ကြီး ကအဓိဋ္ဌာန်ပြုခဲ့သဖြင့် အရိမေတ္တ ယျ ဘုရားပွင့် တော်မူရာကာလ အလောင်းတော်ကဿပ တေဇော ဓာတ်ကျွမ်း လောင်ပြီးမှ ငြိမ်းမည်ဟု ဆိုပါ သည်။ တောင်သုံးလုံးဆုံရာ အောက် ခြေရှိ လိုဏ်အတွင်းမှ ကျောက်တံ ခါးကို စံကျောင်းတော်တံ ခါးဟု ဘုရားဖူးများက ယုံကြည်ကြပြီး အထက်ဘက်ရှိ ကိုယ်စားတော် အား လှူဖွယ်အမျိုးမျိုးကပ် လှူကြ၍ ကျောက်တံခါးတွင်မူ အလောင်း တော်အား ရည်မှန်း၍ ရွှေသင်္ကန်း ကပ်လှူခြင်း၊ကျောက်တံ ခါး ပွင့်ဟ နေသောကြားမှ ဝတ္ထုနှင့် လက်ဝတ် ရတနာများ လှူဒါန်းကြလေ့ ရှိသည်။

ထူးခြားမှုများ
    လွန်ခဲ့သော နှစ် ၆ဝ ခန့်က ဆိုလျှင် ကျောက်တံခါးဝလိုဏ်ဂူ အတွင်း၌ စံကျောင်းတော်ထဲသို့ စီး ဝင်သော ချောင်းငယ်လေးရှိသည်။ ဆွမ်းတော်ပွဲကို ဖောင်ငယ်ပေါ်တင် ၍ အဓိဋ္ဌာန်ပြု လှူဒါန်းပါက အောက်ဥမင်ဝတွင် လှူဖွယ် များ ပါမလာတော့ဟု  သိရသည်။ ယခု အခါတွင်မူ ထိုချောင်းငယ်မှာ သဲ များဖြင့် ပိတ်ဆို့သွား၍ ကွန်ကရိ လျှောက် လမ်းခင်းပေးထားပါသည်။ ထို့အတူ ကျောက်တံခါးရှေ့ သဲ သောင်တွင် အဓိဋ္ဌာန်၍ ရွှေ၊ ငွေမြှုပ် နှံပြီးမည်၍ မည်မျှ ကိုဖြင့် အဆောင် အဖြစ် ပြန်စွန့်တော်မူပါဟု ဆု တောင်းလျှင် ပြန်၍တူး ဖော်သော အခါ ထိုပမာဏအတိုင်း ရရှိခဲ့ သည်။ ယခုခေတ်တွင်လည်း ကျောက် တံခါး ကြားတွင်ဝတ္ထုငွေကပ်လှူပြီး ဆောင် ထားလိုသောဆန္ဒဖြင့် ရှိခိုးဝတ်ပြု ပြီး ပါက ဆောင်ရမည့် ဝတ္ထုသာ ကျန် သော ဖြစ်စဉ်များကို ကိုယ်တွေ့ကြုံ သူများ အများအပြားရှိသည်။

ခြေတော်ရာ
    ရှင်မဟာကဿပ မထေရ်ကြီး သည် မဏိပူရမှ တောင်သုံးလုံးဆုံ ရာအရပ် သို့ကြွတော်မူရာတွင် မင်း ကင်းမြို့နယ်၊ နှင်းကြီးရွာမှ ၄ မိုင်ခန့် အကွာ အညာ လယ်ရွာတွင် ခြေ တော်ရာတစ်ဆူ ချတော်မူခဲ့သည်။ ယခုအခါ ဘုန်းတော်ကြီး ကျောင်း ဝန်းအတွင်း တည်ရှိပြီးခြေတော်ရာ ပေါ်မှ မြေပေါက်လိုဏ် စေတီ တည် ထားသည်။

သပိတ်ဆေးချောင်း
    ပုထိုးလုံးချောင်းအနီးရှိ ချောင်း ငယ်တစ်ခုမှာ ရှင်မဟာကဿပ မထေရ် ဆွမ်းဘုဉ်းပေးတော်မူပြီး သ ပိတ်တော်ဆေးခဲ့လို့ သပိတ်ဆေး ချောင်းဟု ခေါ်သည်။ချောင်းအတွင်း ၌ ဆွမ်းလုံးသဏ္ဌာန်ကျောက်ခဲများ ယနေ့တိုင် တွေ့မြင်နိုင်သည်။

သင်္ကန်းလှန်းကျောက်ဖြာ
    ဘုရားဝစခန်းအောက် (လေး မိုင်) အကွာရှိကျောက်ဖြာအနီးမှာ မထေရ်ကြီး အနားယူတော်မူပြီး ဘုရားရှင်နှင့် သင်္ကန်းချင်းလဲလှယ် ထားသော ပံ့သကူဒုကုဋ်နှစ်ထပ် သင်္ကန်းကြီးကို ကျောက်ဖြာပေါ် တွင်ဖြန့်လှန်းခဲ့သည်။ ကျောက်ဖြာ ပေါ်မှာ ဒုကုဋ်သင်္ကန်းအကွက် များနှင့် သင်္ကန်းအနားပတ်နေရာ အကွက်များ ယနေ့တိုင်ထင်ကျန်နေ ပါသည်။

ကျီးဖိုနှင့်ကျီးမ
    အလောင်းတော် ကဿပ မရောက်မီ ချောင်းမကြီးစခန်းရှိ သစ်ပင်ကြီးများပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင်တို့သည် ဆီးကြိုနှုတ်ဆက် ဟန်ပြုကြပြီး ဘုရားဖူးလာသူတို့ရှေ့ မှလမ်းပြပျံသန်းသည်ကို အခေါက်တိုင်းကြုံဖူးသူများရှိပါသည်

No comments:

Post a Comment