Friday, November 18, 2016

မန်းရွှေစက်တော်

မန်းရွှေစက်တော်

မန်းရွှေစက်တော်ဘုရားသည် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည်။ ခရစ်မပေါ်မီ(၆၀၀) ခုနှစ်တွင်မြတ်စွာဘုရား ခြေတော်ရာ နှစ် ဆူကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော် ရာ၊အောက်စက်တော်ရာဟူ၍ လည်းထင်ရှားသည်။
(၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး၊ မန်းချောင်းအနီး တွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ကြပါသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့် လှစ်ြပီး မြန်မာနှစ်ဆန်း (၁)ရက် ထိကျင်းပပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများဖြစ် သဖြင့် သွားရောက်ဖူး မျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင် ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။ ဘုရားလည်းဖူးရ၊  ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊ ဘေးမဲ့တောတွင်လည်းလှည့်လည်ကြည့် ရှု့၍ သဘာဝတော အရသာကို ခံစားနိုင်မည်ဖြစ်ပါသည်။
ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင်စတင်တည်ထောင်ခဲ့သည်။ ရွှေစက်တော်ဘေးမဲ့တောသည်(၃၁၄)စတုရန်းမိုင်ကျယ်ဝန်း သည်။ မြန်မာ့ရွှေသမင်ကိုအဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးဘေးမဲ့တော၊ အင်းလေးဒေသ၊လန်ပိဘေးမဲ့တော ၊ မိန်းမလှကျွန်းဘေးမဲ့တော၊အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့လည်းအထူးထင်ရှားသည်။ မြန်မာနိုင်ငံတွင်အမျိုးသားဥယျာဉ်ခြောက်ခု၊တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်ဥယျာဉ်အဖြစ် ပုပ္ပါးတောင်ဥယျာဉ်တစ်ခုသာရှိသည်။

No comments:

Post a Comment